သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ပွဲကို တာဝန်ရှိသူများအားဖိတ်ကြား၍ ဧပြီ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်ချက်များ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် တာဝန်ရှိသူများက မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မကွေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မကွေးမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့တို့နှင့်အတူ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်ကိုက်ညီသည့် ကျေးရွာသုံးရွာအား ဦးစီးပေးအစီအစဥ်အလိုက် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသုံးရွာမှာ သာယာကုန်းကျေးရွာ၊ အင်းကုန်းကျေးရွာနှင့် ချောင်းဖြူကျေးရွာတို့ဖြစ်ပြီး သာယာကုန်းကျေးရွာနှင့် အင်းကုန်းကျေးရွာသည် နေကြာသီးနှံစံပြစိုက်ကွက်များဆောင်ရွက်၍ နေကြာမျိုးစေ့ ထုတ်ယူရရှိရန်လျာထားသော ကျေးရွာဖြစ်သည့်အပြင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား စိတ်ပါဝင်စားမှုရှိခြင်း၊ ချောင်းဖြူကျေးရွာသည် စည်းလုံးညီညွတ်မှုရှိပြီး စီမံကိန်းအား လိုလိုလားလား ဆောင်ရွက်လိုသည့်ကျေးရွာဖြစ်ခြင်းတို့ကြောင့် ဦးစားပေးရွေးချယ်လျာထားရခြင်းဖြစ်ကြောင်းမကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး