မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုကျဥ်းမြောင်းစေရေးအတွက် ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၂၅ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများက ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းအား ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် အင်ဂျင်နီယာများသည် အဆိုပါကုန်ထုတ်လမ်းလုပ်ငန်းအား တင်ဒါယှဥ်ပြိုင်မည့် တော်ဝင်ထွန်းကုမ္ပဏီမှတာဝန်ရှိသူများ၊ ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်း၏ လက်ရှိ လမ်းအရှည်၊ လမ်းအကျယ်၊ မြေနေရာရရှိနိုင်မှုအခြေအနေ၊ မြေပြင်အခြေအနေအရ ရေပြွန်နှင့် တံတားငယ်များဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ နှင့် လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာပြီး ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များအား လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းအရှည် ၇ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ ဒု ကိုးလက်မ မြေနီကျောက်စရစ်ခင်းခြင်း၊ တစ်ပေအကျယ်ရေပြွန် ၄ စင်း နှင့် ၂၅ ပေအရှည် ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၇ သန်းကျော်အသုံးပြု၍ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ပန်းပြင်ကျေးရွာရှိ အိမ်ခြေ ၉၈၃ အိမ်၊ လူ ၄၀၅၇ ဦး နှင့် လယ်ယာစိုက်ပျိုးရေးဧကပေါင်း ၃၆၀ မှ ထွက်ရှိသော စပါး၊ ပဲမျိုးစုံနှင့် အခြားသီနှံများကို စျေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ တင်ပို့နိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
အထွေး