သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဧပြီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများနှင့် မကျီးကုန်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။
မကျီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ထောင်စု ၁၆၁ စုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၂ ဒသမ ၄ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားပြီး အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း၊ အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလ တစ်လတစ်ကြိမ်၊ ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်အား ကျေးရွာသားများ၏အများဆန္ဒဖြင့် ဆုံးဖြတ်ထားကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။