Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့်လုပ်ငန်းများ တင်ဒါရှင်းလင်းပွဲကျင်းပ

28 April 22

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့်လုပ်ငန်းများ တင်ဒါရှင်းလင်းပွဲကျင်းပ
==========================================================================================
တောင်ကြီး ဧပြီ ၂၈
=============
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်တင်ဒါရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်က ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
 
ရှေးဦးစွာ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို ကအမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း ကတင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ကတင်ဒါစည်းမျဥ်းစည်းကမ်းများနှင့်ပတ်သက်၍ ကုမ္ပဏီများမှဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ကြသည်။
 
၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၁၄၀၀၀ကျော်ဖြင့်ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၅၁ခုတွင် ကျေးလက်ကုန်ထုတ်လမ်း ၁၀၄ လမ်း ၊ ကျေးလက်ကုန်ထုတ်တံတား ၂၁၀ စင်း ၊ ကျေးလက်ဒေသသောက်သုံးရေရရှိရေးလုပ်ငန်း ၁၇၀ခုတို့ကိုတင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ယခုနှစ်မေလအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ကပြောသည်။