သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် (၂၅-၄-၂၀၂၂) ရက်နေ့၊ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ပျဉ်းမနား မြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ညိုညိုဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် စံပြကျေးရွာ (Smart Village) များအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာသို့ ရောက် ရှိ၍ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ကျေးရွာသူ/ ကျေးရွာသားများ၊ စံပြကျေးရွာ လေ့လာသူများနှင့် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိရေးတို့ကို အလေးထား ဆောင်ရွက်နေသည်နှင့်အညီ ယခု နေပြည်တော်ကောင်စီနယ်မြေ အတွင်း ကျေးရွာ(၃)အား ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာစီ ရွေးချယ်၍ ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ မီးလင်းရေး၊ ရေရရှိရေး၊ လမ်း/ တံတားများနှင့် အသက် မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ပေးနေပါကြောင်း၊ သမဝါယမဦးစီး ဌာနအနေဖြင့် ကျေးရွာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့စနစ် အောင်မြင်ဖြစ်ထွန်း ရေး၊ အရင်းအနှီး ရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆောင်ရွက် ပေးနေပါကြောင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာသူ ကျေးရွာ သားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများအား သင်ကြားပို့ချပေးနေပြီး ဦးစီးဌာန(၃)ခု ပူးပေါင်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများကလည်း မိမိတို့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်၍ အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင်(စံပြ) ကျေးရွာ၏ စနစ်တကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဖော်ထုတ်မည့် စနစ်တကျ လယ်ယာမြေအတွက် ကုန်ထုတ်လမ်းဖောက်လုပ်မည့် အခြေအနေအားလည်းကောင်း၊ တစ်နိုင်တစ်ပိုင် ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် ထုတ်လုပ်မှုအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး (စံပြ) ကျေးရွာသို့ ရောက်ရှိပြီး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသာ လုပ်ငန်းများ အနက် ကျေးရွာ ရေရရှိရေးအတွက် ရေသန့်စင်စက်ရုံနှင့် အိမ်တိုင်ရာရောက် ရေပေးဝေမှုစနစ်၊ ရေမီတာကောက်ခံမှုစနစ်တို့အား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး၏ ရေပေါ်ပဲလှော် စက်ရုံမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း (စံပြ)ကျေးရွာသို့ ရောက်ရှိ၍ စံပြကျေးရွာအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နေသာ လုပ်ငန်းအခြေအနေများ အားလည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်မှုလုပ်ငန်း အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဝက်မွေးမြူရေးခြံ နှင့် ကြက်မွေးမြူရေးခြံတို့အား ကြည့်ရှုလေ့လာကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း စံပြ ကျေးရွာများအဖြစ် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာတို့အား စိစစ်ရွေးချယ်၍ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် (၆) လဘဏ္ဍာနှစ်အတွင်း အဆိုပါ ကျေးရွာ (၃) ခု၏ စီမံကိန်းလုပ်ငန်းများအား ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ကျန်ရှိနေသည့် စီမံကိန်းလုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။