CERP အစီအစဉ်အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်း အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့
========================================
နေပြည်တော် စက်တင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးလုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်ထိခိုက်မှုများကို ကုစား နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan(CERP) ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါ စီမံချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For Work (ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး) စီမံကိန်း ကို ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း မြို့နယ် ၂၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက် ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ် ၂၅၉ မြို့နယ်မှ ကျေးရွာပေါင်း ၂၅၀၅ ရွာ အား တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စီမံကိန်းလုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု လျာထား ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကျေးရွာတွင်း ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ ရေကန်များ ခြံစည်းရိုးကာရံခြင်း/တည်ဆောက်ပြုပြင်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ လက်တူးတွင်းများ၊ ရေကန်များ အသစ်တည်ဆောက်ခြင်း/ ပြုပြင်ခြင်း၊ မြေသားရေကန်များ ပြုပြင်ခြင်း၊ ဆိပ်ခံတံတားများ၊ တံတားငယ် များ ပြုပြင်ထိန်းသိမ်းခြင်း၊ မြေဖို့လုပ်ငန်းများနှင့် မြေထိန်းနံရံများ ပြုပြင် တည်ဆောက်ခြင်း၊ ကျေးရွာပိုင် အားကစားကွင်းများ ပြုပြင်မွမ်းမံခြင်း၊ စာသင် ကျောင်းများ၊ ဆေးပေးခန်းများ၊ ကျေးရွာခန်းမနှင့် ကျေးရွာစျေးများ ပြုပြင် မွမ်းမံခြင်း အစရှိသည့် ကျေးရွာအခြေခံအဆောက်အုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ အား အဓိကထား ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် သိသာထင်ရှားသော အကျိုး ရလဒ်များ ရရှိခဲ့သည်။
အဆိုပါ စီမံကိန်းလုပ်ငန်းခွဲများကို လုပ်သားအင်အား အသုံးပြုရသည့် (Labor Intensive) နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းခွဲများတွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၉ သိန်းခန့်မှ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် ပါဝင်လုပ်ကိုင် ခွင့်ရရှိခဲ့ကာ ၎င်းတို့၏ ဝင်ငွေရရှိစေရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့သည်။ စီမံကိန်း၏ ရည်မှန်းချက်အရ ထောက်ပံ့ငွေ၏ ၆၀ ရာခိုင်နှုန်းကို လုပ်အားခပေးချေရန် လျာထားသော်လည်း မြေပြင်အမှန် ဆောင်ရွက်ရာတွင် ၇၀ ရာခိုင်နှုန်းအထိ ပေးချေဆောင်ရွက်နိုင်ခဲ့သောကြောင့် စီမံကိန်းတွင် ပါဝင် လုပ်ကိုင်သူလုပ်သားများအတွက် ဝင်ငွေ ငွေကျပ် ၁၇ ဘီလီယံခန့် ရရှိစေခဲ့သည်။
စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုရှိစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများအချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန်တို့အတွက် ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျား မ တန်းတူညီမျှမှုရှိစေရေးအတွက် စီမံကိန်း လုပ်ငန်းခွဲများဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ ပါဝင်စေခဲ့ကာ စီမံကိန်း၏ အခွင့်အရေး၊ အကျိုးကျေးဇူးများကို မသန်စွမ်းများအပါအဝင် အများနှင့်တန်းတူ အပြည့်အဝရရှိခံစားခွင့်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။