Covid – 19 ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Covid–19 ရောဂါကြောင့် လုပ်ကွက်ငယ်တောင်သူများနှင့် ထုတ်လုပ် ရောင်းချသူများအနေဖြင့် သွင်းအားစုများနှင့် အရင်းအနှီးများ လိုအပ်လျက် ရှိနေကြရာ အဆိုပါလိုအပ်မှုများအတွက် Covid – 19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် ၂.၁.၇.(ခ) Cash for lending Support အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ကျေးရွာပိုင် မတည်ရန်ပုံငွေ ထူထောင်
“ဒီစီမံကိန်း က Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက် အကူ ဖြစ်စေဖို့၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူတွေ လိုအပ်တဲ့သွင်းအားစုတွေနဲ့ ငွေကြေးအရင်းအနှီးတွေ ရရှိစေနိုင်ဖို့၊ လုပ်ကွက်ငယ်တောင်သူတွေနဲ့ ဆင်းရဲ နွမ်းပါးတဲ့သူတွေ ငွေကြေးအရင်း အနှီးရရှိစေပြီး အလုပ်အကိုင်အခွင့်အလမ်း တွေ ရရှိစေဖို့နဲ့ မိသားစုဝင်ငွေ တိုးပွားလာစေဖို့၊ တိုးပွားလာတဲ့ ရန်ပုံငွေတွေနဲ့ ကျေးရွာပိုင် မတည်ရန်ပုံငွေထူထောင်ပြီး စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်ဖို့ ရည်ရွယ်ဆောင်ရွက် ရခြင်းဖြစ်ပါတယ်။
“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေထဲမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေ ဆောင်ရွက်ဖို့နဲ့ အသက် မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျေးရွာ လည်ပတ်ရန်ပုံငွေ ဒါမှမဟုတ် ကျေးရွာမတည်ရန်ပုံငွေ ထူထောင်သွားဖို့ ပါဝင်ပါတယ်။ ရန်ပုံငွေ ကတော့ နိုင်ငံတော်အစိုးရအပါအဝင် ပြည်တွင်းပြည်ပ လှူဒါန်းမှုတွေ၊ ပြည်တွင်းပြည်ပ အထောက်အပံ့တွေနဲ့ ချေးငွေတွေကနေရရှိမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် စီမံကိန်းကို ဒီဇွန်လထဲမှာ စတင်ဖို့အစီအစဉ်တွေ ဆွဲထားပါတယ်။ ရန်ပုံငွေ ရတဲ့အပေါ် မူတည်ပြီး နောက်သုံးလမှာ ကျေးရွာရွေးချယ်တာတွေ၊ အိမ်ထောင်စု ရွေးတာတွေ၊ ကော်မတီဖွဲ့တာတွေနဲ့ ထုတ်ချေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၁၇၀၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားကြောင်း လည်း သိရသည်။
စီမံကိန်းဆောင်ရွက်ဖို့ စိတ်အားထက်သန်
“ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာတွေ ရွေးချယ်တဲ့နေရာမှာ လုပ်ကွက်ငယ် တောင်သူတွေများတဲ့ရွာတွေ၊ စိုက်ပျိုးမွေးမြူသူနဲ့ ထုတ်လုပ် ရောင်းချသူများတဲ့ ကျေးရွာတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ ကျေးရွာတွေ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ကျေးရွာတွေ၊ လုံခြုံရေးကောင်းမွန်ပြီး နယ်မြေ အေးချမ်းတဲ့ ကျေးရွာတွေ၊ စည်းလုံးညီညွတ်တဲ့ ကျေးရွာတွေနဲ့ စီမံကိန်းဆောင်ရွက်ဖို့ စိတ်အား ထက်သန်တဲ့ ကျေးရွာတွေကို ရွေးချယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက် တဲ့အခါ အိမ်ခြေ ၁၀၁ အိမ်နဲ့ အထက်ကို ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်ကနေ ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀ နဲ့ အိမ်ခြေ ၅၀ အောက်ကို ကျပ်သိန်း ၁၀၀ ထုတ်ချေးသွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြား ရေးမှူးချုပ်က ဆိုသည်။
အဆိုပါစီမံကိန်းတွင် လက်ရှိစီးပွားရေးလုပ်ကိုင်နေသူများနှင့် တိုးချဲ့ လုပ်ကိုင်လိုသူ အိမ်ထောင်စုများကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်း စတင် လုပ်ကိုင်လိုသည့် အိမ်ထောင်စုများကို စီမံကိန်း၏ ဒုတိယနှစ်မှသာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင်လုပ်ငန်းဆောင်ရွက် မိသားစု ဦးစားပေး
“ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မယ့် အိမ်ထောင်စုတွေ ရွေးချယ်တဲ့နေရာမှာ Covid – 19 ကူးစက်ရောဂါကြောင့် ထိခိုက်သွားတဲ့ အိမ်ထောင်စုတွေ၊ လယ်ယာ၊ သားငါး စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အစုအဖွဲ့နဲ့ ဆောင်ရွက်လိုတဲ့ အိမ်ထောင်စုတွေ၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အိမ်ထောင်စုတွေ၊ အခြားအသက် မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်နေတဲ့ အိမ်ထောင်စုတွေနဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းဆောင်ရွက်လိုတဲ့ အိမ်ထောင်စု တွေကို ဦးစားပေး အစီအစဉ်အလိုက် ရွေးချယ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စီမံကိန်းကျေးရွာများရွေးချယ်ပြီးစီးပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအဆင့်ဗဟိုကော်မတီ က စီမံကိန်း ဆောင်ရွက်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ရွေးချယ်ပြီးသည့် ကျေးရွာ ဖြစ်သော်လည်း စီမံကိန်းအောင်မြင်စွာ လည်ပတ်နိုင်ရန် ဖြစ်နိုင်စွမ်းနည်းပါးသည်ဟု သုံးသပ်တွေ့ရှိပါက ကျေးရွာပြောင်းလဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်နိုင်စွမ်းနည်းပါးက ကျေးရွာပြောင်းလဲဆောင်ရွက်
“စီမံကိန်းကျေးရွာတွေ ရွေးချယ်တဲ့နေရာမှာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်တဲ့လုပ်ငန်းကော်မတီ အနေနဲ့ လွှတ်တော်အသီးသီးရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနဲ့ အကောင် အထည်ဖော်ရေး ကော်မတီဝင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရွေးချယ် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ အဲဒီကနေ စီမံကိန်းကျေးရွာတွေ ရွေးချယ်ပြီးစီးသွားရင် သက်ဆိုင်ရာတိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ အတည်ပြုချက်နဲ့ ပြည်ထောင်စုအဆင့် ဗဟိုကော်မတီ ကနေ စီမံကိန်း ဆောင်ရွက်ဖို့ ခွင့်ပြုပေး သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးချယ်တဲ့ကျေးရွာက ရန်ပုံငွေလွှဲပြောင်းခြင်း မပြုမီ စီမံကိန်း အောင်မြင်စွာ လည်ပတ်နိုင်မယ့် ဖြစ်နိုင်စွမ်းနည်းပါး တယ်လို့ သုံးသပ်တွေ့ရှိရင် ကျေးရွာပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်း ဆောင်ရွက် နေစဉ် သတ်မှတ်စည်းကမ်းချက်တွေ ဖောက်ဖျက်ရင်လည်း ကျေးရွာပြောင်းလဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျေးရွာမတည်ရန်ပုံငွေနဲ့ ပတ်သက်လို့ ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဖွဲ့ပြီး ကျေးရွာလူထုအများ သဘောတူမဲစနစ်နဲ့ အမျိုးသမီးဦးရေ ထက်ဝက်ပါတဲ့ အိမ်ခြေ ၁၀၀ နဲ့အထက် ကျေးရွာတွေမှာ ကော်မတီဝင် ခုနစ်ဦး၊ အိမ်ခြေ ၁၀၀ အောက် ကျေးရွာတွေမှာ ကော်မတီဝင်ငါးဦး ရွေးချယ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဒါမှမဟုတ် ကျေးရွာ တာဝန်ခံက နာယကအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
ကျေးရွာမတည်ရန်ပုံငွေ သုံးစွဲသူများအနေဖြင့် စီမံကိန်းစတင်ဆောင်ရွက် သည့် ပထမနှစ်တွင် အတိုးနှုန်းအနေဖြင့် ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ဒုတိယနှစ်တွင် ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၅၀ ပြားမှ ၁ ကျပ် ၅၀ ပြား အတွင်း ကျေးရွာ၏ သဘောတူညီချက်ဖြင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အတိုးနှုန်းကောက်ခံမှုများကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လလျှင်တစ်ကြိမ် ကောက်ခံသွားမည်ဖြစ်ကာ အရင်း ပြန်လည် ပေးဆပ်ကာလကို အများဆုံးတစ်နှစ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ကျွဲ၊ နွားမွေးမြူ ရေးလုပ်ငန်းဖြစ်ပါက အရင်းဆပ်ကာလ သက်တမ်းတိုးခြင်း အများဆုံး နှစ်ကြိမ် ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် Covid-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက် အကူပြုခြင်း စီမံကိန်းမှ အတိုးနှုန်း သက်သာသည့် ချေးငွေရယူ နိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပေါ်ပေါက်လာခြင်း၊ မိသားစုများဝင်ငွေတိုးပွားလာခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစား နိုင်မည်ဖြစ်သည်။
မင်းမင်းဇော်၊ ဟန်နီဝင်း(သတင်းစဉ်)
ဓာတ်ပုံ- မောင်ဇော်(ကလေး)
နေပြည်တော်