စဉ့်ကိုင်မြို့နယ် ကင်းလပ် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရံပုံငွေပထမအကြိမ်ထုတ်ချေးခြင်း
စဉ့်ကိုင် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြို တိုးတက်ရေးဦးစီးဌာနက ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကင်းလပ်ကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် မိသားစုဝင်ငွေတိုးပွား စေမည့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးရခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိရပ်ရွာရှိဒေသခံပြည်သူများ တစ်နိုင်တစ်ပိုင် မိသား စုဝင်ငွေ တိုးပွားရေးလုပ်ငန်းများဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်မှုမဖြစ်အောင် ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် စီမံကိန်းတာဝန်ခံများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝန်များထံ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်း ပေးအပ်သည်။
ထိုနောက်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မြို့သာကုန်းကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူဦးရေ (၄၅) ဦး ၊ငွေကျပ် (၁၈၄)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဦးရေ (၁၃)ဦး ၊ ငွေကျပ် (၅၂)သိန်း နှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၂၅)ဦး၊ ငွေကျပ် (၆၄)သိန်း စုစုပေါင်း အသင်းသူ/သား (၈၃)ဦးကို ရန်ပုံငွေကျပ်သိန်း(၃၀၀) ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။