ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ် အတွင်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်သည့် သရက်ကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီလ (၁)ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်လဲ့လဲ့မွန်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။ သရက်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ အရှည်ပေ ၇၃၀ ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၆လက်မရှိပြီး (VDP)စီမံကိန်းခွင့်ပြုငွေ ငွေကျပ် (၁၅)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ငွေကျပ်(၃)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသား များကိုယ်တိုင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက သရက်ကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များ သွားလာရေး လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။