မိုးကောင်းမြို့နယ်ကြိုးကြာကွင်းကျေးရွာတွင် VDP စီမံကိန်းဖြင့် လမ်းထိန်းနံရံပါသဲကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး (၃၀.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ
မိုးကောင်း၊ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPရန်ပုံငွေဖြင့်အုန်းဘောင် ကျေးရွာအုပ်စု၊ကြိုးကြာကွင်းကျေးရွာတွင် လမ်းထိန်းနံရံပါသဲကျောက်ခင်းခြင်း လုပ်ငန်း ဆောင် ရွက်နေမှုကို ဒီဇင်ဘာ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတာဝန်ခံတို့နှင့် အတူ ကြိုးကြာကွင်းကျေးရွာတွင်လမ်းထိန်းနံရံပါသဲကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ် ဦးစီးမှူးကကျေးရွာကော်မတီဝင်များအားလုပ်ငန်းများသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်း ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်ဆွေးနွေးမှာကြားသည်။
ကြိုးကြာကွင်းကျေးရွာတွင် စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် သိန်း ၁၅၀နှင့်ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၅ သိန်း အသုံးပြု၍ အရှည်ပေ၁၅၀၊ အကျယ် ၁၆ ပေ၊ထု ၇ လက်မရှိလမ်းထိန်းနံရံပါ သဲကျောက်ခင်းခြင်းလုပ်ငန်းကိုကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်းမိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းကပြောပြ၍ သိရသည်။
(၃၀.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ (၈)ကော်လံ(၄/၅/၆)တွင်ပါရှိသည်။