ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင် ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ထန်းတပင်ကျေးရွာ၌ ကုန်ထုတ်လမ်းဂဝံ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် (၉၇ ဒသမ၃၈ )သန်း ဖြင့် ထန်းတပင်ကျေးရွာ ကုန်ထုတ်လမ်းဂဝံခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိ သူများကို မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကော့မှူးမြို့နယ် ထန်းတပင်ကျေးရွာ၌ လမ်းအရှည် တစ်မိုင် နှင့်၁ ဒသမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မ ရှိ ကုန်ထုတ်လမ်းဂဝံခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် Ayar Princess ကုမ္ပဏီက ယခုနှစ်နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ခဲ့ကြောင်း အဆိုပါ ဂဝံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ထန်းတပင်ကျေးရွာ ဒေသခံ ပြည်သူ များ ရာသီမရွေး သွားလာ အသုံးပြုမည် ဖြစ်ကာ ဒေသထွက်ကုန်ပစ္စည်းများကိုလည်း ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း ကော့မှူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။