ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင် ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နတ်ရေတွင်းကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ လူထုဗဟိုပြုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ရရှိလာသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ များဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာ ရမည့် စည်းကမ်းချက်များ ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူများ လိုက်နာရမည့်တာဝန်များ ၊ ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်(၅၀ ဒသမ ၂)သန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ အသင်းသား/အသင်းသူ (၂၂၃) ဦးကို ငွေကျပ်(၅၀ဒသမ ၂) သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။