ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် နန်းခလဲ ကျေးရွာ တောင်ကွင်းတွင် ဌာနအစီအစဉ်ဖြင့် ပေ ၅၈၃၀ ၁၂ ပေ ကိုးလက်မ ကုန်ထုတ် ဂဝံလမ်းခင်းခြင်း၊ ပေ ၂၀ ခြောက်ပေ ခြောက်ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းခွင်သို့ သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်နှင့်အင်ဂျင်နီယာအဖွဲ့၊ သုံးခွမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ တာဝန်ခံ အင်ဂျင်နီယာ အဖွဲ့တို့သည် ကျေးရွာလမ်းကော်မတီတို့နှင့်အတူ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအား အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားလုပ်ဆောင်ကြရန် တာဝန်ရှိသူ များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၃၂၁ အိမ်၊ လူဦးရေ ၁၀၃၄ ဦးတို့၏ လယ်ဧက ၆၅၀ မှ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ရောင်းချနိုင်မည် ဖြစ်သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဟု သိရသည်။