ပေါင်မြို့နယ်ကျေးရွာနှစ်ရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ ------------------------------------------------------------- ပေါင် ဒီဇင်ဘာ ၁၉ မွန်ပြည်နယ် ၊ သထုံခရိုင် ၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ဘိုင်လောင်းကျေးရွာနှင့် ဆယ်အိမ်စုကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အဆိုပါစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေ့ဦးစွာ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖူးပွင့်ခိုင်က ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဥပဒေတွင်ပါရှိသော ကျေးရွာသူ ၊ ကျေးရွာသားများလိုက်နာရမည့် တာဝန်များနှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းကော်မတီများရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသား ရပ်မိရပ်ဖများက ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင် ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။ ပေါင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ဘိုင်လောင်းကျေးရွာနှင့် ဆယ်အိမ်စုကျေးရွာတို့၌ ထပ်တိုးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း၁၅၀၊ ကျေးရွာလူထုထည့်ဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်ထံမှသိရသည်။