Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့သစ်မြို့နယ် ရုံးတောကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး

07 December 23

မြို့သစ်မြို့နယ် ရုံးတောကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး
======================================================
မြို့သစ်    ဒီဇင်ဘာ     ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရုံးတောကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့် နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ရုံးတောကျေးရွာတွင်း လမ်းအရှည် ၇၂၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူများက ဝိုင်းဝန်းထိန်းသိမ်းရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ်  ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၃ သန်းတို့ဖြင့် ရုံးတောကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ယခုနှစ် စက်တင်ဘာ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၈၄ အိမ်၊ လူ ၂၂၃၀ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။