မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
===============================================================================
မကွေး ဒီဇင်ဘာ ၁
==============
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ကမိမိတို့ဌာနမှ မကွေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေများဖြင့် သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ ကျေးလက်ကုန်ထုတ်လမ်းတံတား၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ SMART Village စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်လူမှုစီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ ခရိုင်၊ မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ကြပြီး ရှင်းလင်တင်ပြမှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး ယခုဘဏ္ဍာနှစ်မတိုင်မီ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းလမ်းညွှန်မှာကြားသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအချိန်မီပြီးစီးရေးကျင်းပ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်(၇)ခရိုင်၊ မြို့နယ် (၂၅)မြို့နယ်မှ ဦးစီးမှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။