ဗန်းမော်မြို့နယ်၊ မံရေးခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်း
============================================================================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ဗန်းမော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မံရေးခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဗန်းမော်မြို့နယ် မံရေးကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အသက်မွေးဝမ်းကျောင်းအစုအဖွဲ့(၄)ဖွဲ့ဖြင့် စပါး စိုက်ပျိုးရေးလုပ်ငန်း၊ ဝက်၊ဒေသနွားမွေးမြူရေး၊ တံမြက်စည်းကြမ်းထုတ်လုပ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ပံ့ပိုးငွေလုပ်ငန်း တန်ဖိုး၏ ၇၅ ရာခိုင်နှုန်း ကျေးရွာအစုအဖွဲ့များမှ ထည့်ဝင်ငွေ ၂၅ ရာခိုင်နှုန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် ကာလမှ ယနေ့ထိ လုပ်ငန်းများမှ အသားတင်အမြတ်ငွေကျပ် ၂၉.၁၃၄၅ သန်း ရရှိထားပြီးဖြစ်ပါသည်။
အဆိုပါစီမံကိန်းကို ကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သူများအတွက် MSME လုပ်ငန်းများ ထူထောင်နိုင်ရေး လိုအပ်သော အရင်းအနှီးများ ရရှိစေရန် ငွေကြေးစီမံခန့်ခွဲတတ်စေပြီး အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်စေရန် ဒေသထွက်ကုန်အခြေခံသော စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် ကျေးရွာ(၁)ရွာလျှင် ထုတ်ကုန်(၁)မျိုး ထုတ်လုပ်နိုင်စေရေး အထောက်အကူပြုစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။