Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှု ၉၇ ရာခိုင်နှုန်းပြီးစီး

08 November 23

မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှု ၉၇ ရာခိုင်နှုန်းပြီးစီး
==================================================================
မကွေး     နိုဝင်ဘာ      ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ပေပင်စမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ပေပင်စမ်းကျေးရွာ သောက်‌သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၇၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ၉ ဒသမ ၉ ကီလိုဝပ် ဆိုလာစနစ် တည်ဆောက်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက Dears Brain ကုမ္ပဏီမှ တာဝန်ခံအား ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်စံနှုန်းများအတိုင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၆၈ ဒသမ သုည ၄ သန်းဖြင့် ပေပင်စမ်းကျေးရွာ၌  ၄ လက်မအကျယ် အနက် ၇၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဇူလိုင်လ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၉၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၃၈ အိမ်၊ လူ ၉၀၂ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည့်အပြင် ဆိုလာစနစ်ဖြစ်သည့်အတွက် ဒီဇယ်ဆီဖိုး သက်သာခြင်း၊ ပတ်ဝန်းကျင်ဆူညံသံမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုင်မှုကိုကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း  မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။