စလင်းမြို့နယ် ဂွေးပင်ဇင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်ထုတ်ချေး
=========================================================
စလင်း နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေး အရင်းအနှီးရရှိစေရန်အတွက် အရှေ့ဂွေးပင်ဇင်ကျေးရွာအုပ်စု၊ ဂွေးပင်ဇင်ကျေး ရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးပေးခြင်းကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဇင်လှိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၅၄ ဒသမ ၇ သန်းကို ဂွေးပင်ဇင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဂွေးပင်ဇင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၉ ဦးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၀ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၂၉ ဦးအား ငွေကျပ် ၅၄ ဒသမ ၇ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ပေး ရခြင်းဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။