ရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းက သာပေါင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းအဖွဲ့များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအား တိုင်းတာစစ်ဆေးခဲ့ပြီးနောက် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်မှ လမ်းရေရှည် အသုံးပြုနိုင်ရေးအတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုမှာ ကြားခဲ့သည်။
ရွာသစ်ကုန်းကျေးရွာတွင်းကွန်ကရစ်လမ်းသည် အရှည်ပေ ၁၁၄၀ပေ အကျယ် ၆ပေ အမြင့် ၆လက်မဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၃၀ ဖြင့်ကျေးရွာပြည်သူ လူထုကိုယ်တိုင်ဩဂုတ်လ၊ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်ထံမှ သိရှိရသည်။