မံစီမြို့နယ် မံသဲကျေးရွာ၌ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေးခြင်း
============================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မံသဲကျေးရွာ၌ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန်ရှိသူများက မံသဲကျေးရွာတွင် ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
မံစီမြို့နယ်၊မံသဲကျေးရွာတွင် ကုန်ထုတ်လမ်းမြေသားတာပေါင်မြှင့်တင်ခြင်း အရှည်ပေ ၁၇၀၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၂ ပေ ၊ကုန်ထုတ်လမ်းသဲကျောက်ခင်းခြင်းလုပ်ငန်း အရှည် ၆ ဖာလုံ /အကျယ် ၁၂ ပေ/ အမြင့် ၉ လက်မ၊ Slab Culvert (၂)စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် (၂၀၅.၀၅၉)သန်းဖြင့် တင်ဒါအောင်မြင်သည့် ဟသတ ကုမ္ပဏီမှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၁၅ % ပြီးစီးပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
အဆိုပါ လုပ်ငန်းပြီးစီးပါက ကျေးရွာမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာ ဈေးကွက်အရောက်တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။