ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား အောက်တိုဘာလ ၂၄ရက် နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဦးခန့်ဇင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းအဖွဲ့များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအား တိုင်းတာစစ်ဆေးခဲ့ပြီးနောက် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ လမ်းရေရှည် အသုံးပြုနိုင်ရေးအတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုမှာ ကြားခဲ့သည်။
ကျွန်းခယ်မကျေးရွာတွင်းကွန်ကရစ်လမ်းသည် အရှည်ပေ ၁၁၅၀ပေ အကျယ် ၆ပေ ထု ၆လက်မဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၅၀ဖြင့် စက်တင်ဘာလ ၄ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၃၃၉စု၊ လူဦးရေ ၁၉၈၀ဦးတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။