ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ရွှေသဲကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးမိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်နှင့်တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များနှင့်အတူ ရွှေသဲကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွား ကြရန်ဆွေးနွေးမှာကြားသည်။
ရွှေသဲကျေးရွာတွင် အရှည်ပေ ၆၀၀၊ အကျယ်၁၂ပေ၊ အမြင့်ခြောက်လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၂၉ဒဿမ ၃သိန်း စုစုပေါင်းငွေကျပ် ၁၇၉ ဒဿမ ၃သိန်းအသုံးပြုကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခု နှစ် စက်တင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ရွှေသဲကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်က ပြောပြ၍ သိရသည်။