Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကံမမြို့နယ် ခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး

15 October 23

ကံမမြို့နယ် ခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး
==================================================================
ကံမ      အောက်တိုဘာ       ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ခြောက်ပင်ကျေးရွာ အုပ်စု၊ ခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေ ကျပ် နှစ်ဆယ် ဒသမ ၅ သန်းကို ခြောက်ပင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ခြောက်ပင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူ ၉၃ ဦးအား ငွေကျပ် နှစ်ဆယ် ဒသမ ၅ သန်းကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်းတစ်ကျပ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခြောက်ပင်ကျေးရွာအုပ်စု၊ ခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်း အရင်းအနှီးငွေများဖြင့် ကျေးရွာရှိတောင်သူများ ဆီထွက်သီးနှံများဖြစ်‌သည့် နေကြာနှင့် မြေပဲများ စိုက်ပျိုးထားသည့်အတွက် မြန်မာနိုင်ငံဆီထွက်သီးနှံကော်မတီ၏ ရည်မှန်းချက်ဖြစ်သော ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။