ရွှေကူမြို့နယ်၊ ရုံးပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်း
========================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ ဘိုကုန်းကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေအား (၁၅.၁၀.၂၀၂၃) ရက်နေ့တွင် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ထုတ်ချေးခဲ့ပါသည်။
ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်(လက်ထောက်ညွှန်ကြားရေးမှူး-နည်း)မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများနှင့် ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ဦးထွန်းအောင်ဇော်သည် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊အသက်မွေးဝမ်းကျောင်း၊အရောင်းအဝယ်လုပ်ငန်းများ၊ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့်အပြင် မိသားစုဝင်ငွေတိုးပွားစေရေးအတွက်လည်း အကျိုးပြုစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ရန်ပုံငွေကျပ် (၅၄.၈၂) သန်းအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၂၅) ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂) ဦး၊ စုစုပေါင်း (၁၂၇) ဦးအား အသီးသီးထုတ်ချေးပေးခဲ့ပါသည်။