Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကံမမြို့နယ် ခြောက်ဒေါင့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး

15 October 23

ကံမမြို့နယ် ခြောက်ဒေါင့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး
====================================================================
ကံမ      အောက်တိုဘာ       ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် အုပ်ရှစ်ချိုကျေးရွာအုပ်စု၊ ခြောက်ဒေါင့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာမာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် တစ်ဆယ် ဒသမ ၁၉ သန်းကို ခြောက်ဒေါင့်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ခြောက်ဒေါင့်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူ ၃၈ ဦးအား ငွေကျပ် တစ်ဆယ် ဒသမ ၁၉ သန်းကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်းပြားငါးဆယ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အုပ်ရှစ်ချိုကျေးရွာအုပ်စု၊ ခြောက်ဒေါင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်း အရင်းအနှီးငွေများဖြင့် ကျေးရွာရှိတောင်သူများ ဆီထွက်သီးနှံများဖြစ်‌သည့် မြေပဲများ စိုက်ပျိုးထားသည့်အတွက် မြန်မာနိုင်ငံဆီထွက်သီးနှံကော်မတီ၏ ရည်မှန်းချက်ဖြစ်သော ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြု ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။