တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တမံကြီး(တံခွန်တိုင်) ကျေးရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ အဆိုပါ ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက တမံကြီး(တံခွန်တိုင်) ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပြီး လုပ်ငန်းအဖွဲ့ဝင်များက အဆိုပါ ကျေးရွာရှိ ချေးငွေအောင်မြင်သူ အသင်းသား၊ အသင်းသူ ၁၀၅ဦးကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၅၀ ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသည်။