မိတ္ထီလာ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂွေးကုန်းရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူများထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဂွေးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေသန့်စင်စနစ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ဂွေးကုန်းကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၅၂၀ အကျယ် ၁၂ ပေ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူ ထည့်ငွေကျပ် ၄၃ သိန်း စုစုပေါင်းငွေကျပ် ၁၉၃ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ဇူလိုင်လတတိယအပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ယခုအခါ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)