ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)နှင့် ဝန်ထမ်းများ အတွက် သက်သာချောင်ချိရေး စားသုံးဆီထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ တက်ရောက်အမှာစကားပြောကြား
==================================================================
နေပြည်တော် စက်တင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) သင်တန်းခန်းမ၌ ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဌာနရှိဝန်ထမ်းများအနေဖြင့် ဦးစီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ အတိုင်း အကောင်းဆုံးဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ဦးစီးဌာန၏ ယုံကြည်ချက် ခံယူချက်အတိုင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိသည့် ဝင်ငွေအပေါ် ချင့်ချိန်သုံးစွဲရန် လိုအပ်ပြီး တင်းတိမ်ရောင့်ရဲစိတ်မွေးနိုင်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာနချစ်စိတ်မွေးမြူ ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကြည်သာရွှင်ပျစွာ ထမ်းဆောင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနေဖြင့် ကျန်းမာရေး လိုက်စားကြရန်၊ အောက်ခြေဝန်ထမ်းများ၏ အခက်အခဲများကိုလဲ ဂရုတစိုက်ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဌာနတွင်း ရာထူးတိုး/PSC စာမေးပွဲများ /နိုင်ငံခြား Scholarship များဖြေဆိုနိုင်ရေး တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့အနေဖြင့် လည်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ ဝန်ထမ်းများအနေဖြင့် ဌာနအချင်းချင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အပြုသဘောဆောင်ပူးပေါင်းမှုသည် အရေးကြီးပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အပြန်အလှန်လေးစားမှု တင်ပြဆွေးနွေးမှုများအပေါ် နားထောင်ပေးခြင်း၊ ပြောဆိုဆက်ဆံရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ပေးဆောင်ရွက်ရာတွင် ယုံကြည်မှုနှင့် ယုံကြည် စိတ်ချမှု၊ ဆက်သွယ်ပြောဆိုမှု ထိရောက်မှု၊ ရိုးသားမှု၊ တန်ဖိုးထားမှု၊ မိသားစုစိတ်ဓါတ်ထားရှိရန်၊ MCRD/DRD အတွက် ချမှတ်ထားသောစံတန်ဖိုးများကို လေးစားလိုက်နာရန်၊ အတ္တမာန်မာနများ ရှေ့တန်းတင် ဆောင်ရွက်ခြင်းမပြုရန်နှင့် စဉ်းစားတွေးခေါ် ကြံစည်မှု ကောင်းမွန်ရန်တို့ကို Powerpoint ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဌာနမှဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး(စီမံ)မှ ယခင်လ ဆန္ဒဖော်ထုတ်ပွဲ တင်ပြချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများအား ဖက်ကြားတင်ပြသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ရန် ဌာနခွဲအလိုက် ဖိတ်ခေါ်တင်ပြစေပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများအပါ ဝန်ထမ်းစုစုပေါင်း (၄၈၁)ဦးတို့အား တစ်ဦးလျှင် ဆီ ၁ ဘူးနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်မှ ပေးအပ်ခဲ့ပြီး ဌာခွဲအလိုက် ကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ကြောင်းသိရသည်။