Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ နှင့် မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံ များ မျှဝေဆွေးနွေးသည့် Knowledge Sharing Forum ကျင်းပ

29 August 24

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ နှင့် မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံ များ မျှဝေဆွေးနွေးသည့် Knowledge Sharing Forum  ကျင်းပ

ဩဂုတ်လ ၂၈ နေပြည်တော်          

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း မြို့နယ်၊ မြောင်းမြမြို့နယ်နှင့်ဒေးဒရဲမြို့နယ်ရှိကျေးရွာများတွင် အကောင်အထည် ဖော်ဆောင်ရွက်သော ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ် ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ အတွေ့အကြုံနှင့် နည်းပညာများအား မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ နှင့် မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံများမျှဝေဆွေးနွေးသည့်  Knowledge Sharing Forum  အား နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Knowledge Sharing Forum သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပထမ အတွင်းဝန် မစ္စတာဝမ်ရှမ်ကျုံး၊ ဒုတိယညွှန်ကြားရေးမျုးချုပ်များ၊ ညွှန်ကြားရေးမှုများနှင့် စီမံကိန်းတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှလည်းကောင်း၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော Cambodia, Laos, Thailand  နှင့် Vietnam နိုင်ငံများမှ ကိုယ်စားလှယ်များမှ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးသိန်းလွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပထမအတွင်းဝန် မစ္စတာ ဝမ်ရှမ်ကျုံးတို့က အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းဒါရိုက်တာ ဒုတိယ ညွှန်ကြားမှူးချုပ် ဦးစိုးသန်းက မဲခေါင်-လန်ချန်းစီမံကိန်းဆောင်ရွက်မှုနှင့် စီမံကိန်းတာဝန်ရှိသူမှ စီမံကိန်း ဆောင်ရွက်မှု ဆိုင်ရာ နည်းပညာနှင့်လုပ်ငန်းစဉ်များရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ဖိုရမ်သို့တက်ရောက်လာသော Cambodia, Laos PDR, Thailand နှင့် Vietnam နိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကျေးလက်ရေရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများဖြစ်သည့် UNICEF, Oxfam, BAJ နှင့် CRS တို့မှ စီမံကိန်းဆောင်ရွက်မှုများအား အသီးသီး တင်ပြကြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖိတ်ကြားထား သည့် ဧည့်သည်တော်များအား ဖိုရမ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။