အောင်လံမြို့နယ် ကျော်စွာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
အောင်လံ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျော်စွာကျေးရွာ တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင် ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးအရင်းများသတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာနေ ပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၂၉၄သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျော်စွာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၂၀ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုးဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ခုနှစ်ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၆ဦးနှင့် အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်သူ ၁၃ဦး စုစုပေါင်း ၆၇ဦးတို့ကို ငွေကျပ် ၂၉၄သိန်းကို အသင်းသူ၊အသင်းသားများထံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသူ/ အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဖြူလေး