တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းပြစုထိန်းသိမ်းနည်းသင်တန်းကို ဩဂုတ်လ ၈ရက်နေ့တွင် အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ အကြောင်းအရာများနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာများက မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ချေးငွေစာချုပ် စီမံခန့်ခွဲမှုသင်ခန်းစာများ၊ လအလိုက် ပေးပို့ရသည့် ငွေစာရင်းဇယားများကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၁၄ဦးကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်ရှိ ကန်သာယာကျေးရွာနှင့် ကျောက်ဖျာကျေးရွတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ကျေးရွာ(၁)ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀) စီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့် အကျုံးဝင်သည့် တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေ တိုးပွားစေမည့်လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ချေးငွေများထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။