မြန်အောင်မြို့နယ် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဦးမြတ်သူ ဦးဆောင်သော အဖွဲ့သည် ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ညောင်ချင်ကျေးရွာအုပ်စု၊ ကောက်ကလောက်စိန်ကျေးရွာသို့ ဩဂုတ်လ ၅ရက် ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးစီးအရာရှိ(နည်းပညာ) ဦးမြတ်သူနှင့်အဖွဲ့သည် စီမံကိန်းကျေးရွာ တာဝန်ခံ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့်အတူ ညောင်ချင်ကျေးရွာအုပ်စု၊ ကောက်ကလောက်စိန်ကျေးရွာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအား စစ်ဆေးခဲ့ပြီးနောက် ဦးစီးအရာရှိ(နည်းပညာ) ဦးမြတ်သူမှ လုပ်ငန်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ပါသည်။
ညောင်ချင်ကျေးရွာအုပ်စု၊ ကောက်ကလောက်စိန်ကျေးရွာသည် ကွန်ကရစ်ဘောင်ခတ် ချောင်းကျောက်ခင်းခြင်းလုပ်ငန်းဖြစ်ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅.၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၅.၀)သန်း၊ စုစုပေါင်း(၂၀.၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ထောင်စု(၉၆)စု၏ လူဦးရေ (၂၄၀)ဦးတို့သည် အဆိုပါ လမ်းများအား အသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း မြန်အောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးရွာပေါင်း(၈)ရွာရှိကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။