တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျောက်ဖျာကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေဦးစွာ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ကျောက်ဖျာကျေးရွာရှိ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ် အကြောင်းအရာများ၊ စီမံကိန်းလက်စွဲစာစောင်ပါ သတ်မှတ်ချက်များကို မိတ်ဆက်ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်သည့် မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို အများဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။