တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက (၁၀)မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရင်းမပျောက်မတည်ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၃၀၀ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်စီမံကိန်းတာဝန်ခံများက ကော်မတီရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။