၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ကွင်းဆင်း
ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒေါ်အေးအေးကြူ ဦးဆောင်သော အဖွဲ့သည် ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်တို့အား ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မြို့နယ်တာဝန်ခံများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့်အတူ ကျုံစိန်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအား စစ်ဆေးခဲ့ပြီးနောက် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ရမည့် နည်းလမ်းများအား အကြံပြုပြောကြားခဲ့ပါသည်။ ၎င်းနောက် အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာနှင့် ထိန်ငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံကိန်းတာဝန်ခံများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများနှင့်အတူ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များ အကြံပြုပြောကြားခဲ့ပါသည်။
ကျုံစိန်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာသည် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းဖြစ်ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅.၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၃.၅)သန်း၊ စုစုပေါင်း(၁၈.၅)သန်း၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာသည် ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅.၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၁၀.၀)သန်း စုစုပေါင်း(၂၅.၀)သန်း၊ ထိန်ငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာသည် ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၅.၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၈.၀)သန်း၊ စုစုပေါင်း(၂၃.၀)သန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာများရှိ အိမ်ထောင်စု(၂၉၅)စု၏ လူဦးရေ (၁၂၃၈)ဦးတို့သည် အဆိုပါ လမ်းများအား အသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။