ခရမ်းမြို့နယ် ကန်ညီနောင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး
******************************
ခရမ်း ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကန်ညီနောင်ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကန်ညီနောင်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကျေးရွာတွင်းလမ်းအရှည် ၈၃၂ ပေ လမ်းအကျယ် ၁၀ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် ၁၇ ဒသမ ၉ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ တစ် သန်း၊ စုစုပေါင်းငွေကျပ် နှစ်ဆယ် သန်းဖြင့် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၂၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ကန်ညီနောင်ကျေးရွာနေပြည်သူများအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာနိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။