ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာအုပ်စု၊ ကညင်ကွင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား မေလ ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူ၊မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကညင်ကွင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေအား တိုင်းတာစစ်ဆေးခဲ့ကြပြီးနောက် မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူမှ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား နည်းပညာလိုအပ်ချက်များ၊ကွန်ကရစ်လမ်းပြီးစီးသွားပါက အကျိုးရှိစွာတန်ဖိုးထားအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်း နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။
ကညင်ကွင်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည်ပေ ၉၈၂ပေ အကျယ်ပေ ၅ပေ ထု ၆ လက်မ ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်(၁၃.၈)သန်း ဖြင့် ဇူလိုင်လ ၁ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၇၅)ရာနှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၂၄၇ စု၊ လူဦးရေ ၉၀၀ဦးတို့သည် အဆိုပါကွန်ကရစ်လမ်းအားရာသီမရွေးအသုံးပြုနိုင်သည့်အတွက် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း လပွတ္တာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။