တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ( အမျိုးသမီးအခြေခံအပ်ချုပ်စက်) သင်တန်းကို ယမန်နေ့က ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးမြတ်သူနှင့် သင်တန်းသူ ၁၃ဦးတက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်အေးမြတ်သူက သင်တန်း၌ သင်ကြားပေးမည့် အခြေခံအပ်ချုပ်နည်း ဘာသာရပ်အမျိုးအစားများနှင့် မိတ်ဆက်ရှင်းလင်းခဲ့ပြီး အဆိုပါသင်တန်းတွင် တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှ အခြေခံအမျိုးသမီး သင်တန်းသူ ၁၅ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဇူလိုင်လ ၁ရက်နေ့မှ ဩဂုတ်လ ၃၁ရက်နေ့ထိဖြစ်ကြောင်း၊ သင်တန်းတွင် စက်ပစ္စည်းထိန်းသိမ်းနည်း၊ ဓားစက်အပ်ချည်ထိုးနည်း၊ လက်ချုပ်နည်း၊ ကြယ်သီးဖောက်နှင့် အမျိုးသမီးဝတ်ထည်အမျိုးမျိုး Ready Made အင်္ကျီပုံစံအမျိုးမျိုး ချုပ်နည်းများကို ကျွမ်းကျင်တက်မြောက်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။