တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကန်သာယာကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင်(၁၀)ရက်က အဆိုပါကျေးရွာ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုး၊ မြိတ်မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် ဦးသောင်းအေးတို့က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ စီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များရွေးချယ်ရာတွင် လိုက်နာရမည့် သတ်မှတ်ချက်များ၊ ကော်မတီများ၏တာဝန်နှင့် ခံစားခွင့်များကို ပြောကြားပြီး တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးသားများ၏ သဘောဆန္ဒနှင့်အညီ စီမံကိန်းတစ်ခုလျှင် ကော်မတီဝင်ခုနှစ်ဦးစီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
ကန်သာယာကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ယခုဘဏ္ဍာနှစ်မှစ၍ စီမံကိန်းကာလငါးနှစ်ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။