လှည်းကူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး
**************************************
လှည်းကူး ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာကျေးရွာ သောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ဇီးပင်ဝဲကျေးရွား၌ အလျား ၈၂၀ ပေ အမြင့် ၅ ပေ သောက်သုံးရေကန်အားခြံစည်းရုံးကာရံခြင်း၊ လက်ပန်ကျေးရွာ၌ အလျား ၉၅ ပေ အနံ ၉၅ ပေ အမြင့် ၃ ပေ သောက်သုံးရေကန်အနက်နှိုက်ခြင်း၊ ကလီထော်အရှေ့ကျေးရွာ၌ အလျား ၁၈၀ ပေ အနံ ၈၅ ပေ အမြင့် ၃ ပေ သောက်သုံးရေကန်အနက်နှိုက်ခြင်းနှင့် ကျွဲအင်းကျေးရွာ၌ ၄ ဒသမ ၅ လက်မအကျယ် အနက် ၆၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက သက်ဆိုင်ရာလုပ်ငန်းတာဝန်ခံများအား လုပ်ငန်းများအားလုံး ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍားရေးနှစ်တွင် ဇီးပင်ဝဲကျေးရွာ သောက်သုံးရေကန်ခြံစည်းရိုးကာရံခြင်းနှင့် ကလီထော်အရှေ့ကျေးရွာ သောက်သုံးရေကန်အနက်နှိုက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ လက်ပန်ကျေးရွာသောက်သုံးရေကန်အနက်နှိုက်ခြင်းနှင့် ကျွဲအင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး