သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရန်ကုန်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခြင်းယက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပျော်ဘွယ်ကြီး ကျေးရွာအုပ်စု၊ ပျော်ဘွယ်ကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းက ကျေးရွာများ၏ ဒေသထုတ်ကုန်များ၊စျေးကွက်လိုအပ်ချက်များ၊ လုပ်သား လိုအပ်ချက်များ၊ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းလိုအပ်ချက်များကို ဆန်းစစ် ရွေးချယ်ပြီး ယခုလို အသက်မွေးဝမ်း ကျောင်းပညာရပ်များကို သင်ကြားပို့ချပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်က သင်တန်းသူများ အနေဖြင့် သင်ကြားပေးမည့် ခြင်းယက်ပြုလုပ်နည်း နည်းပညာများကို ကြိုးစားသင်ယူကြရန် မှာကြားပြီး သင်တန်းနည်းပြ ဆရာမဒေါ်စန်းစန်းနွဲ့မှ သင်ကြားပို့ချမည့် သင်ခန်းစာများအား ကဏ္ဍတစ်ခုချင်းစီ အလိုက်ရှင်း လင်းပြောကြားသည်။
ထိုနောက် အခန်းအနားသို့ တက်ရောက်လာကြသော ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပြု ပစ္စည်းများကို သင်တန်းသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူ သင်တန်းသို့ ဒလမြို့နယ်အတွင်းရှိ ပျော်ဘွယ်ကြီးကျေးရွာမှ သင်တန်းသူ( ၂၀ )ဦးတက်ရောက်ကြပြီး သင်တန်းတွင် ခြင်းယက်ပြုလုပ်နည်း နှင့် သက်ဆိုင်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာမများက စာတွေ့၊ လက်တွေ့ နှစ်မျိုးဖြင့် ဇွန်လ(၂၄)ရက်နေ့မှဇွန်လ (၂၈)ရက်ထိ(၅)ရက်ကြာ(အခမဲ့)သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။