တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ရှပ်တိုးချဲ့ကျေးရွာ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ရေဖြူမြို့နယ် ကျောက်ရှပ်တိုးချဲ့ကျေးရွာတွင် ရေတားတမံတည်ဆောက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မေလ၅ရက်တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်ရှပ်တိုးချဲ့ကျေးရွာတွင် အလျားပေ ၃၀၊ အနံ ၃ပေ၊ အမြင့်၆ပေရှိ ရေဂါလံပေါင်း ၂ ဒသမ ၃သန်း သိုလှောင်ထားနိုင်ရန် ရေတားတမံဆောင်ရွက်ပြီးစီးပြီဖြစ် သောကြောင့် ယင်းကျေးရွာရှိ အိမ်ခြေ ၇၆ အိမ်၊ လူဦးရေ ၃၈၀ နှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ ရာသီမရွေး သောက်သုံးရေလုံလောက်စွာရရှိပြီဖြစ်ကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်ထံမှ သိရသည်။