ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့ နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပျဉ်းမကုန်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇွန် ၁၈ရက်နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်၊ စီမံကိန်းတာဝန်ခံနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ပျဉ်းမကုန်း ကျေးရွာ၌ အရှည်(၇၇၀)ပေ ၊ အကျယ်(၈)ပေ၊ အမြင့်(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင်ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား သည်။
ပျဉ်းမကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေကျပ်သိန်း ၁၂၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၀ စုစုပေါင်းငွေကျပ်သိန်း ၁၅၀ အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏နည်းပညာပံ့ပိုမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ယခုနှစ်မေလတတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ပျဉ်းမကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူ စေပြီး ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှသိရသည်။