သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူ များ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ချောင် (တောင်)ကျေးရွာအုပ်စု၊ ရခိုင်ချောင်(တောင်)ကျေးရွာ၌ ကျင်းပခဲ့သည်။
ပထမဦးစွာ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းက သင်တန်းတွင် ထူးချွန်သူများနှင့်လုပ်ငန်းဆောင်ရွက်လိုသည့် သင်တန်းသား/သူများကို အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် ငွေကြေး အရင်းအနှီးများကိုလည်း ဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်လး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်ဦးစီးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူ များက သင်တန်းထူချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများ ထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ရာ သင်တန်းသားများကိုယ်စား ရခိုင်ချောင်(တောင်)ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းကို ဒလမြို့နယ် ရခိုင်ချောင်(တောင်)ကျေးရွာမှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းတွင် လူသုံးကုန်ဆပ်ပြာအမျိုးမျိုးကို ကျွမ်းကျင်နည်းပြဆရာမများက စာတွေ့၊လက်တွေ့ (၂)မျိုးဖြင့် ငါးရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရပါသည်။