တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်ဖြူတောင်ကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို ဇွန်လ ၈ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ အကြောင်းအရာများ၊ အရင်း/အတိုးငွေများကို သတ်မှတ်ရက်အတွင်း ပေးသွင်းစေလိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားကြောင်းသိရသည်။
ဆက်လက်၍ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဝန်ထမ်းက စီမံကိန်းစက်ဝန်းကာလ သတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစဉ်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျောက်ဖြူတောင်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေ ကျပ် ၅၇ ဒသမ ၃သန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ကျောက်ဖြူတောင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၈ဦးကို ငွေကျပ် ၉ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၄ဦးကို ငွေကျပ် ၁၉ ဒသမ ၄ သန်း ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ် ၂၆ ဒသမ ၈ သန်း၊ အခြားလုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၅သန်း စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၉ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် ၅၇ ဒသမ ၃ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။