ကော့မှူးမြို့၊ မေ လ ၁၈ ရက် ရတနာပုံသတင်းစာ၊ စာမျက်နှာ ၁၁ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများသောက်သုံးရေလုံလောက်စွာရရှိ စေရေးအတွက်ကျေးရွာ နှစ်ရွာ ၌ မြေသားရေကန်အနက် တူးဖော်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပြည်ထောင်စု ခွင့်ပြုရန် ပုံငွေကျပ် ၁၃ ဒသမ ၅၄ သန်းဖြင့် အလယ်ရွာ ကျေးရွာ၌ မြေသားရေကန်အနက် တိုးချဲ့တူးဖော် ပြီးစီးမှုနှင့် နိုင်ငံတော်ပံ့ပိုးရန်ပုံငွေကျပ် ၄ ဒသမ ၅၂ သန်းဖြင့် ကိုးတောင် ထိန်ကုန်းကျေးရွာ၌ မြေသားရေကန်အနက် တူးဖော်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကော့မှူးမြို့နယ် အလယ်ရွာ ကျေးရွာ၌ အလျား၁၇၅ ပေ အနံ ၁၆၅ ပေ အနက်သုံးပေရှိ မြေသားရေကန် အနက် တိုးချဲ့တူးဖော်ခြင်းနှင့် ကိုးတောင်(ထိန်ကုန်း) ကျေးရွာ၌ အလျားပေ၁၁၀ အနံပေ ၉၀ အနက် သုံးပေရှိ မြေသားရေကန် အနက်တိုးချဲ့ တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုနှစ်ပထမပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခု အခါလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း ထို့ကြောင့် ကျေးလက်နေပြည်သူများရာသီ မရွေးသောက်သုံးရေ လုံလောက်စွာ ရရှိ နိုင်မည်ဖြစ်ကာ မိုးရာသီတွင် ရေကန်များ အတွင်းရေများ သိုလှောင် နိုင်မည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။