သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်ခရိုင် သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာရှိလယ်ယာကုန်ထုတ်ဂဝံလမ်း (၁/၃.၂မိုင် x ၁၂ ပေ ၉ လက်မ)နှင့် Box Culvert နှစ်စင်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြကြသည်။
ယင်းသို့စစ်ဆေးရာတွင် ဒေသခံတောင်သူများအားတွေ့ဆုံ၍ အမြဲတမ်းအတွင်းဝန်က စပါးအထွက်နှုန်းတိုးအောင်စိုက်ပျိုးဆောင်ရွက်ရေး ကုန်ထုတ်ဂဝံလမ်းဖောက်လုပ်နိုင်သည့်အတွက် လယ်ယာထုတ်ကုန်များ အကုန်အကျသက်သာစွာနှင့် စျွေးကွက်သို့ရောင်းချနိုင်သည့်အတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ လမ်းရေရှည်တည်တံ့ခိုင်မြဲပြီး ရာသီမရွေးသွားလာနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကျေးရွာသူကျေးရွာသားများအားလုံးတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်သည် သန်လျင်မြို့နယ်ကရင်ဆိပ်ကျေးရွာအဝင် အရှည်ပေ ၃၇၀၀ အကျယ် ၁၂ ပေရှိကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ကွန်ကရစ်လမ်းဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊လူမှုရေး လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်းသိရသည်။