မြို့သစ် မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်းထက်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်က အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမက သင်တန်းတွင်သင်ကြားမည့် အခြေခံစက်ချုပ်ခြင်းဆိုင်ရာအတတ်ပညာ ဘာသာရပ်များကိုအကျဥ်းချုပ် ဆွေးနွေးပြောကြားသည်။
ထို့နောက် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း လက်တွေ့သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ တစ်လကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။