ဒက္ခိဏသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း အခြေခံပြုပြင်ခြင်း သင်တန်း ဖွင့်ပွဲကျင်းပ
============================
ဒက္ခိဏသီရိ မေလ ၁၄ရက်
==============
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု နယ်မြေ၊နေပြည်တော်၊လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် ဝင်ငွေတိုးလုပ်ငန်း များ ဆောင်ရွက်နိူင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း အခြေခံပြုပြင်ခြင်းသင်တန်း ဖွင့်ပွဲကို မေလ (၁၃)ရက်နေ့နံနက်ပိုင်းက ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ SMU ခန်းမ၌ ကျင်းပခဲ့သည်။
ပထမဦးစွာ လယ်ဝေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးတင့် နှင့် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးဇော်ဝိတ် တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း အခြေခံပြုပြင်ခြင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ခရိုင်ဦးစီးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု လျှပ်စစ်ဝါယာရိန်းပြုပြင်နည်းသင်တန်းကို မြို့နယ်အတွင်းရှိ ရွာသစ် ကျေးရွာ၊ဒိုးနွယ်ကျေးရွာ၊ရဲဒိ ကျေးရွာ၊ ကျေးစာဥ ကျေးရွာ၊ မန်ကျည်းကုန်း ကျေးရွာနှင့် ဂွေးတောက်ရိုး ကျေးရွာစုစုပေါင်း ကျေးရွာ(၆)ရွာမှ သင်တန်းသား (၂၀) ဦးတက်ရောက်ကြပြီး သင်တန်းတွင် လျှပ်စစ်ဝါယာရိန်းပြုပြင်နည်းနှင့် သက်ဆိုင်သည့် နည်းပညာများ ကို ကျွမ်းကျင်ဆရာများက မေလ၁၃ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ (၁၀) ရက် ကြာ စာတွေ့၊လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင် ထံမှ သိရသည် ။
မောင်ခိုင်